Home » , , » မလေးရှားနိုင်ငံ ပီနန် နာရေးကူညီမှု အသင်းကြီး နှင့် အင်တာဗျူး

မလေးရှားနိုင်ငံ ပီနန် နာရေးကူညီမှု အသင်းကြီး နှင့် အင်တာဗျူး

Written By နေဇော် လင်း on Friday, October 19, 2012 | 3:02:00 AM

 
မလေးရှားနိုင်ငံ ပီနန်မြို့မှ နာရေးကူညီမှု အသင်းကြီး နှင့် အင်တာဗျူး

မလေးရှားနိုင်ငံ ပီနန်မြို့ တည်ရှိတဲ့ ပီနန် နာရေးကူညီမှု အသင်းကြီးနဲ့ တွေ့ဆုံပြီး အင်တာဗျူး အစီအစဉ်ကို မေးမြန်း တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။ ပီနန် နာရေးကူညီမှု အသင်းကြီးမှာ ဆိုရင် နာရေးကူညီမှု ကိစ္စတွေကို လူမျိုးမရွေး ဘာသာမရွေး အဖက်ဖက်က ကူညီ လုပ်ဆောင်လျက်ရှိနေပြီး မလေးရှားနိုင်ငံ ပီနန်မြို့မှ နာရေးကိစ္စများကို ကူညီလုပ်ဆောင်ပေးနေတဲ့ အကျိုးပြုနေသော အဖွဲ့ကြီး ဖြစ်ပါတယ်။



မလေးရှားနိုင်ငံ ပီနန်မြို့ တည်ရှိတဲ့ ပီနန် နာရေးကူညီမှု အသင်းကြီးနဲ့ တွေ့ဆုံပြီး ပရဟိတ လုပ်ဆောင်ချက်လေးတွေကို အသေးစိပ် သိရှိနိုင်ဖို့အတွက် အင်တာဗျူးလေး မေးမြန်ဖြစ်ခဲ့ပါတယ်။ 


ကိုဝင်းမြင့်ဦး (ပီနန် နာရေးကူညီမှု အသင်းကြီး) မှဖြေကြား ပေးပါသည်။ 

 မေး - ပီနန် နာရေးကူညီမှု အသင်းကြီးကို စတင်တည်ထောင်တဲ့ နေ့ရက်ကို သိပါရစေ။ 

ကျွန်တော်တို့ အသင်းကြီးကို စတင် ဖွဲ့စည်းတာကတော့ ၁၂.၁၂.၂၀၁၀ မှာပါ။ ကျွန်တော်တို့ စတင်ဖွဲ့စည်းတာက ၇ယောက်နဲ့ အဲဒီ မတိုင်ခင်မှာတော့ ကြိုတင်ပြီး ညှိကြတယ်။  အတည်ဖြစ်တာ ကတော့ ၁၂.၁၂.၁၀ မှာရုံးခန်းမှာ တစ်ခါတည် ဖွင့်ဖြစ်ခဲ့တာပါ။ နေရာကတော့ ပီနန် ကောင်တာမှာ ဖွဲ့စည်းဖြစ်တာပါ။ 

မေး - နာရေးအသင်းကြီးကို လူဦးရေ ဘယ်လောက်နဲ့ စတင်လုပ်ဆောင်ဖြစ်လဲ? 

ကျွန်တော်တို့ စတင်လုပ်ဆောင်တာက ၇ ယောက်ပါ။ ၇ယောက်မှာ အခုဆို တစ်ချို့က မြန်မာပြည်ကို ပြန်သွားပြီပေါ့။ လက်ရှိကျန်ခဲ့တာက ၅ ယောက် ကျန်ခဲ့တယ်။ လူနည်းတော့ ကျွန်တော်တို့ အဖွဲ့ကို ပြန်ပြီးဖွဲ့ဖြစ်ပါတယ်။

မေး - ပီနန် နာရေးကူညီမှု အသင်းကြီးကို စတင်ဖွဲ့စည်းတဲ့ အချိန်ဆိုတော့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်း ကြုံတွေ့ခဲ့ရသလဲ ဆိုတာ ဆက်လက်၍ ဖြေကြားပေးစေ လိုပါတယ်။ 

စတင်ဖွဲ့စည်းတဲ့ အချိန်ကတော့ အခက်ခက်တွေက အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ ငွေကြေးကိစ္စများ ၊ ဆေးရုံ ရဲစခန်းနဲ့ နာရေးနဲ့ ပက်သက်တဲ့ ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်း ခဲ့ရပါတယ်။ အသစ်စတင်လုပ်ဆောင်တယ် ဆိုတော့ ကျွန်တော်တို့ဖက်က လိုအပ်တဲ့ ကိစ္စတွေကို ကြိုးစားပြီး ရင်ဆိုင်ဖြေရှင်း ကျော်ဖြတ်ခဲ့ရပါတယ်။ တစ်ချို့နာရေးတွေမှာ သေဆုံးသွားတဲ့ နာမည် လူမျိုးနဲ့ ဘယ်လို သေဆုံးတယ် ဆိုတာ မသိတာတွေ ရှိပါတယ်။ ကိုယ့်မြန်မာလူမျိုး ဟုတ်မဟုတ် ဆိုတာကို တက်တူးထိုးတာ တွေကို ကြည့်ပြီးလုပ်ဆောင်ပေးရတာတွေ ရှိပါတယ်။ 

      ကိုဗိုလ်မြ (ပီနန် နာရေးကူညီမှု အသင်းကြီး) မှဖြေကြား ပေးပါသည်။ 

မေး - ပီနန် နာရေးကူညီမှု အသင်းကြီးကို ဦးစီးဦးဆောင် လုပ်နေတဲ့ နာမည်လေးတွေကို ပြောပြပေးပါဦး။ 

အစ်ကိုတို့ အသင်းကို စတင်ဖွဲ့စည်းတဲ့အချိန်က အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရတာပါ။ စတင်ဖွဲ့စည်းတဲ့ လူတွေအားလုံး စိတ်တူကိုယ်တူနဲ့ ဖြေရှင်းခဲ့ကြပါတယ်။ စတင်ဖွဲ့စည်းတဲ့ လူတွေဖြစ်တဲ့ ကိုသန့်ဇင် ၊ ကိုဝင်းမြင့် ၊ သူတို့ကတော့ ပြန်သွားကြပါပြီ။

 နောက် .... ကိုနန္ဒ ၊ ကိုကြည်စိုး ၊ ကိုဝင်းမြင့်ဦး ၊ ကျွန်တော် ကိုဗိုလ်မြ နဲ့ဖြစ်ပြီး ထွန်းထွန်း က ကျွန်တော်တို့ အသင်းထဲ အသက်ငယ်ဆုံးပါ။ စတင်ဖွဲ့စည်းတွေမှာ သူငယ်ချင်းလို မိတ်ဆွေလိုနေကြပြီး အားလုံးက ကိုယ်ကျိုးမပါပဲ အများအတွက် ပရဟိတကိစ္စတွေကို ကူညီ လုပ်ဆောင်ပေးခဲ့တာပါ။ 

မေး - ပီနန် နာရေးကူညီမှု အသင်းကြီးက တည်ထောင်ထားတာ ကြာပြီဆိုတော့ အစ်ကိုတို့ အသင်းကြီးရဲ့ လုပ်ဆောင်ချက် လေးတွေကို ဖြေကြားပေးပါဦး။ 

ကျွန်တော်တို့ အသင်းက နာရေးကူညီမှု အသင်းကြီးဆိုတော့ နာရေးကိစ္စတွေကို အဓိက လုပ်ဆောင်ဖြစ်ခဲ့တာပါ။ နာရေးကိစ္စ လုပ်ဆောင်တဲ့ အခါမှာ ပါမစ်ရှိသူနဲ့ ပါမစ် မရှိသူတွေရှိပါတယ်။ ပါမစ်ရှိတဲ့သူ သေဆုံးတဲ့အခါ ရုံးနဲ့ပက်သက်တဲ့ ကိစ္စတွေ ပိုသွားရပါတယ်။ တရားဝင် နိုင်ငံခြားရေး ဌာနတွေရဲ့ ခွင့်ပြုချက်ကို မြန်မာသံရုံး ကိုရောက်မှ အသက်အာမခံ ကိစ္စတွေနဲ့ တစ်ခြားကိစ္စတွေကို ဆောင်ရွက်ရပါတယ်။ 

နောက်တစ်ခုက ပါမစ်မရှိတဲ့သူ ဆုံးသွားပြန်ရင်လည်း အခက်အခဲက တစ်မျိုး ရှိပြန်ပါတယ်။ ပါမစ်မရှိဘူး တစ်ချို့ဆိုရင် သူငယ်ချင်း ရှိတယ်။ ရုံးကိစ္စ ရဲကိစ္စနဲ့ ပက်သက်ပြီး ရှုပ်မှာစိုးလို့ တစ်ချို့ဆို အလောင်းပြစ်ပြီး ပြေးသွားတာတွေ ရှိပါတယ်။ တစ်ချို့ဆိုရင် သိရက်နဲ့ မသိဘူး ဆိုပြီး ဇွတ်ငြင်းတာတွေ ရှိပါတယ်။ အလောင်းထုပ်တဲ့ နေရာမှာဆိုရင် ကူညီမဲ့သူ မရှိရင် ဦးဆောင်နေတဲ့ လူတွေနာမည်သုံးပြီး အလောင်းထုပ်ပြီး ဆောင်ရွက်ပေးရပါတယ်။ 

 

မေး - ပီနန် နာရေး အသင်းကြီးမှ ကူညီ လုပ်ဆောင်ပေးတဲ့ နာရေးကိစ္စများ ဘယ်လောက် ရှိနေပြီလဲ ? 

အသင်းဖွဲ့စည်းတာက ၁၂.၁၂.၂၀၁၀ ဆိုတော့ ၁၂ လပိုင်းကိုရောက်ရင် ၂နှစ်ဆိုတဲ့ အချိန်ပြည့်ပြီပေါ့။ ကျွန်တော်တို့ အသင်းကြီး စတင်ဖွင့်ကတည်းက စပြီး အခုအချိန်ထိဆို သေဆုံးသူ နာရေးအလောင်း ၆၃ လောင်း ကူညီ လုပ်ဆောင်ပေးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အဓိက ဘာတွေအဖြစ်များလဲ ဆိုတော့ အရွယ်မရောက် ကြသေးတဲ့ လူငယ်တွေ မတော်တဆဖြစ်တဲ့ ကိစ္စတွေ အဖြစ်များတယ်။ 

နောက်တစ်ခုက ကျွန်တော်တို့ အသင်းက နာရေးဆိုပေမဲ့ မလေးရှားနိုင်ငံကို ရောက်လာပြီး အလုပ်လုပ်နေကြတဲ့ မြန်မာတွေ အခက်အခဲဖြစ်လာရင် ဥပမာ ၊ ဆေးရုံ ဆေးခန်းနဲ့ ပက်သက်တာတွေ ကျန်းမာရေးကိစ္စတွေ တစ်ချို့ဆိုရင် ဆေးရုံဝင်ဖို့ ပတ်စပို့မရှိတာတွေနဲ့ ငွေကြေးကိစ္စ အခက်အခဲ ဖြစ်နေတဲ့ သူတွေကို မတော်တဆထိခိုက်မိသူတွေကို ဝှီးချဲ့နဲ့ ကျိုင်းထောက် လှူဒါန်းတာတွေ လုပ်ဆောင် ကူညီပေးဖြစ်ပါတယ်။ 

အဲလိုလုပ်ဆောင်တဲ့ အခါမှာ မြန်မာ လူမျိုးတစ်ဦးတည်း မဟုတ်ပဲ မလေးနိုင်ငံသား အများစုကိုလည်း လှူဒါန်းဖြစ်ပါတယ်။ နောက် မြန်မာပြည် ရေရှားတဲ့ အချိန်က ရေလှူတယ်။ ရေကြီးတဲ့ အချိန်က ရေဘေး ဒုက္ခသည်တွေ အတွက် ဆန်အိပ်တွေဝယ်ပြီး လှူခဲ့တယ်။ နောက် သွေးလှူဒါန်းပွဲတွေနဲ့ စာပေဟောပြောပွဲတွေကို လုပ်ဆောင်ခဲ့ပြီး ကျွန်တော်တို့ အသင်းကနာရေးဆိုပေမဲ့ အဓိက လိုအပ်တဲ့ ပရဟိတ ကိစ္စတွေမှာ အဖက်ဖက်ကနေ လုပ်ဆောင်ကူညီခဲ့ပါတယ်။ 

 

မေး - နာရေးကိစ္စများ ကူညီလုပ်ဆောင်ပေးတဲ့ အချိန်မှာ လူမျိုးမရွေးကူဖြစ်လား။ ဒါမှမဟုတ် မြန်မာ လူမျိုးတစ်ဦးတည်းပဲ ကူညီလုပ်ဆောင်ပေး ဖြစ်လား ? 

ကုညီပေးတာက လူမျိုးအားလုံး ဘာသာ အားလုံးကို ကူညီဖြစ်ခဲ့ပါတယ်။ လူတွေအားလုံးကိုလည်း လူလို့ပဲ မြင်ပါတယ်။ မည့်သည့်ဘာသာ မည်သည့်လူမျိုးကပဲ အကူညီတောင်းတောင်း ကူညီပေးပါတယ်။ ကျွန်တော်တို့မှာ အသားအရောင်ကအစ ခွဲခြားတာ မရှိပါဘူး။

လက်ရှိ ကူညီဆောင်ရွက်ပေးနေတာ ဆိုရင် မလေးရှားနိုင်ငံ ပီနန်ကို ရောက်နေကြတဲ့ မြန်မာလူမျိုး အပါအဝင် တစ်ခြား လူမျိုးအားလုံးကို ကူညီ ဆောင်ရွက် ပေးနေပါတယ်။

 
 ကိုပုပ္ပား (ခ) ကိုဝင်းသန်းထွန်း (ပီနန် နာရေးကူညီမှု အသင်းကြီး) မှဖြေကြား ပေးပါသည်။

မေး - ပီနန် နာရေးကူညီမှု အသင်းကြီးမှာဆိုရင် နာရေးကိစ္စ တော်တော်များများကို ကူညီ လုပ်ဆောင် ပေးနေတာ တွေ့ရပါတယ်။ ဆိုတော့ နာရေးကိစ္စ တစ်ခုတည်းပဲ အစ်ကိုတို့ အသင်းက လုပ်ပေးဖြစ်လား ? 

အခြားသော ပရဟိတကိစ္စတွေရော ဘယ်လိုအရာတွေမှာ အကူအညီပေး လုပ်ဆောင် ပေးဖြစ်လဲ ဆိုတာ ဖြေကြားပေးပါဦး။ ကျွန်တော်တို့ရဲ့ ဦးတည်ချက်ကတော့ အရင်တုန်းက နာရေးတစ်ခုကိုပဲ ဦးစားပေးပြီး ကူညီဖြစ်တယ်။ အခုချိန်မှာတော့ ဘယ်လိုဖြစ်လဲဆိုတော့ ကိုယ့်မြန်မာလူမျိုးတွေ ဒုက္ခရောက်နေကျတော့ တတ်နိုင်တဲ့ဖက်ကနေ ကျွန်တော်တို့ ကူညီပေးဖြစ်ပါတယ်။ 

ဥပမာ - Accident မတော်တဆ ထိခိုက်မှုဖြစ်တယ်ဆိုရင် ဝှီးချဲ ဒါမမဟုတ် သွေးလိုအပ်တယ်ဆိုရင် ကျွန်တော်တို့ အသင်းသူ အသင်းသားတွေကနေ သွားရောက်လှူဒါန်းပေးတာမျိုး ရှိပါတယ်။ ပြီးခဲ့တဲ့ အချိန်က သွေးလှူဒါန်းပွဲ တစ်ကြိမ် လုပ်ဖြစ်တယ်။ ပြီးတော့ မြန်မာပြည်ရေဘေး ပဲခူးမှာဖြစ်တုန်းက ဆန်အိပ်တွေဝယ်ပြီး လှူခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းကနေ တတ်နိုင်တဲ့ဖက်ကနေ ကူညီလုပ်ဆောင် ပေးခဲ့ပါတယ်။ 

မလေးရှားကို ရောက်လာပြီဆိုရင် ကျွန်တော်တို့ မြန်မာပြည်သားတွေ အဖက်ဖက်က ဒုက္ခရောက်ကြတာ များပါတယ်။ အသက်မသေရင်တောင် တစ်ခုခုဖြစ်နေတာဆိုရင် ကျွန်တော်တို့ဖက်က ငွေကြေးကိစ္စများနဲ့ မတတ်နိုင်ရင်တောင် လူအင်အား စိတ်ဓာတ်အင်အားနဲ့ ကျွန်တော်တို့သွားပြီး လူနာအတွက် အားပေးစကားများ ပြောကြားပြီး စိတ်ဓာတ်မြှင့်တင်ပေးပါတယ်။ 

 

မေး - ပီနန် နာရေးကူညီမှု အသင်းကြီးက အခုဆို ပရဟိတ ကိစ္စတော်တော်များများကို လုပ်ဆောင်နေတယ် ဆိုတော့ ရန်ပုံငွေ အလှူငွေ မတည်ငွေနဲ့ ပက်သက်ပြီး ဘယ်လိုစီစဉ် ဆောင်ရွက် ထားသလဲဆိုတာ အသေးစိမ် ဖြေကြားပေးစေလိုပါတယ်။ 

အခုလက်ရှိ အခြေအနေမှာ အလှူငွေ ရန်ပုံငွေနဲ့ ပက်သက်ပြီး ပီနန်ကောင်တာမှာ မြန်မာဆိုင်တွေက လစဉ်လှူဒါန်း ထောက်ပံ့ပါတယ်။ ပီနန်မှာရှိတဲ့ ဆရာဝန်အသင်းတွေနဲ့ စေတနာရှင်များမှ လစဉ်လှူဒါန်းတာတို့ ရှိပါတယ်။ နောက်ထပ် ပီနန် ဘာတာဝပ်မှာ ရှိတဲ့မြန်မာဆိုင်တွေမှာ အလှူခံပုံး လေးတွေ ရှိပါတယ်။ အဲဒီကရတဲ့ အလှူငွေတွေနဲ့ နာရေးကိစ္စတွေကို ကူညီလုပ်ဆောင်ဖြစ်ပါတယ်။ 

မေး - နာရေးကိစ္စများ လုပ်ဆောင်တဲ့အချိန်မှာ သုံးစွဲတဲ့ အလှူငွေနဲ့ ပက်သက်ပြီး ဘယ်လိုလုပ်ဆောင်ဖြစ်လဲ ? 

ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်တို့ဖက်က ပြောရမယ် ဆိုရင် နာရေးကိစ္စတွေကို လုပ်ဆောင် တော့မယ်ဆိုရင် အနောက်ကိုကြည့်ရပါတယ်။ စေတနာရှင်များ လှူဒါန်းထားတဲ့ ငွေများဖြစ်တဲ့ အတွက်ကြောင့် သေချာစီစစ်ပြီး သုံးစွဲရပါတယ်။ ချွေတာသင့်တဲ့ နေရာမှာ ချွေတာပြီး သုံးသင့်တဲ့ နေရာမှာ သုံးရပါမယ်။ ဒီလမ်းကြောင်းအတိုင်း ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ 



မေး - နာရေးကူညီမှု အသင်းကြီးမှာ အသင်းဝင် မန်ဘာ အနေနဲ့ လူဦးရေ ဘယ်လောက်ရှိလဲ ? 

အခုအချိန်ထိ ကျွန်တော်တို့ အသင်းမှာ မန်ဘာဆိုတာတော့ မရှိသေးပါဘူး ။ အသင်းမှာ အဖက်ဖက်ကနေ လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ ကော်မတီဝင် ၂၇ ယောက်ပဲ ရှိပါတယ်။ မန်ဘာတွေကို ၁၂ လပိုင်းလောက်မှာ စက်ရုံတွေကို သွားပြီး မန်ဘာတွေ ခေါ်တာတွေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို အသေးစိပ် ရှင်းပြတာတို့ လုပ်တောင်သွားဖို့ ရှိပါတယ်။ မန်ဘာတွေ ကျွန်တော်တို့အသင်းကို ဝင်ပြီဆိုတာနဲ့ ဖောင်တွေဖြည့်ခိုင်းပြီး ကျွန်တော်တို့ အသင်းရဲ့ လိုက်နာရမဲ့ စည်းကမ်းချက်တွေကို လုပ်ဆောင်သွားဖို့ ရှိပါတယ်။ 

မေး - ပီနန် နာရေးကူညီမှု အသင်းကြီး အနာဂတ် ရေရှည်တည်တံ့ရေးအတွက် ဘယ်လို လုပ်ဆောင်ထားသလဲ ဆိုတာ အသေးစိတ်ရှင်းပြ ဖြေကြားပေးပါဦး။ 



ပီနန် နာရေးကူညီမှု အသင်းကြီး အနာဂတ် ရေရှည်တည်တံ့ရေးကို ပြောရမယ်ဆိုရင် ကျွန်တော်တို့ကလည်း နိုင်ငံခြားမှာ စီးပွားလာရှာတဲ့ အချိန်မှာ အမြဲတမ်း ဒီမှာပဲ မနေနိုင်ပါဘူး။ ကျွန်တော်တို့ လုပ်ဆောင်သွားတဲ့ အစ်ကိုတွေ နောက်တက်လာမဲ့ မျိုးဆက်သစ်တွေ တစ်ချိန်ချိန်မှာ ပြန်သွားခဲ့ရင် ဒီအသင်းကြီးကို မဖျက်စေချင်ဘူး ။ 

ဒါကြောင့် နောက်လာမဲ့ မျိုးဆက်သစ်တွေကို ခေါ်မယ် ကျွန်တော်တို့ ပြန်သွားခဲ့ရင် သူတို့တစ်တွေ ဦးဆောင်နိုင်အောင်လို့ နာရေးကိစ္စနဲ့ ပက်သက်ပြီး လုပ်ဆောင်မှုတွေကို သင်ပြပေးလျက် ရှိနေပါတယ်။ သူတို့ကတစ်ဆင့် နောက်လူတွေကို ထပ်ဆင့် ထပ်ဆင့် လုပ်ဆောင်နိုင်ဖို့ အတွက် ကျွန်တော်တို့ ကြိုးစားထားပါတယ်။


ကိုကြည်စိုး (ပီနန် နာရေးကူညီမှု အသင်းကြီး) မှဖြေကြား ပေးပါသည်။ 

မေး - ပီနန် နာရေးကူညီမှု အသင်းကြီးကို စတင်တည်ထောင်တဲ့ နေ့ရက်ကို သိပါရစေ။ 

မလေးရှားနိုင်ငံကို လာရောက်ပြီး စီးပွားရှာနေတဲ့ မြန်မာတွေထဲကနေ အကြောင်း အမျိုးမျိုးကြောင့် သေဆုံးသွားတဲ့ အခါမှာ ပိုင်ရှင်မရှိဘူး ဆိုပြီး စည်ပင်သာယာလက်ထဲ အပ်လိုက်ပြီး မီးရှို့လိုက်ပါတယ်။ ပြီးတော့ ဒီနိုင်ငံမှာ သေဆုံးသူနဲ့ ရင်းနှီးတဲ့သူ (သို့မဟုတ်) နာရေးကိစ္စကို သဂြိုလ်ပေးမည့်သူ မရှိရင် သူတို့ဟာ ဖြစ်သလို လုပ်လိုက်တာမျိုးတွေ ရှိပါတယ်။

ဆေးရုံမှာ အလောင်းထုပ်မည့်သူ မရှိရင် သူတို လုပ်ချင်သလို လုပ်တာကို ခံရပါတယ်။ အဲဒီလို လုပ်လိုက်တော့ သေဆုံးသူရဲ့ ဝိညာဉ်ဟာ သူတို့ကိုးကွယ်ရာ ဘာသာအလိုက် ဆုတောင်း မေတ္တာ မရှိတဲ့အတွက် မကျွတ်မလွတ်ပဲ နေပါပဲ ဖြစ်နေပါမည်။ အဲတော့ ကျွန်တော်တို့တွေက အဲဒီလိုဖြစ်တော့ ကျွန်တော်တို့ စိတ်ထဲမှာ မကောင်းပါဘူး။ ဒါကြောင့် လူတွေရဲ့ နောက်ဆုံး သွားလာရာလမ်းဖြစ်တဲ့ သေဆုံးမှုတွေကို ဘဝကူးကောင်းအောင် စနစ်တကျလုပ်ဆောင် သဂြိုင်္လ်ပေးပါတယ်။ 



မေး - နာရေးကိစ္စများ ကူညီ လုပ်ဆောင်ပေးတဲ့ အချိန်မှာ သေဆုံးသူတွေနဲ့ ပက်သက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရေးသား မှတ်တမ်းယူတာမျိုးတွေ လုပ်ဖြစ်လား ? 

 ကျွန်တော်တို့ အသင်းကြီးကနေ နာရေးကိစ္စတွေကို ကူညီပေးတဲ့ အချိန်မှာ သေဆုံးသူရဲ့ အမည် ၊ နေရပ် ၊ မြန်မာပြည်လိပ်စာနဲ့ မလေးရှား လိပ်စာ ၊ ပါစပိုစ့်ရှိရင် ပါစပိုစ့်နံပတ် သေဆုံးသူရဲ့ ဖြစ်ပွားတဲ့ ရောဂါ ၊ သေဆုံးတဲ့နေ့ အဲဒါတွေ နဲ့အတူ နာရေးကိစ္စကို အကူအညီတောင်းခံသူနဲ့ နာမည်နဲ့ လက်မှက် စတာတွေကို မှတ်တမ်းအဖြစ် ထားရှိပါတယ်။ 

ဘာလို့ ဒီလို လုပ်ဆောင်ရလဲဆိုတော့ တစ်ချိန်ချိန်မှာ သေဆုံးသူရဲ့ မိဘဆွေမျိုးအသုံးအဝိုင်းကနေ သူတို့ဖက်က ခွင့်ပြုချက် မရပဲ ဘာမှမသိပဲ လုပ်လိုက်သလို ဖြစ်နိုင်ပြီး တရားစွဲတာတို့ စတာတွေဖြစ်လာခဲ့ရင် ကျွန်တော်တို့ဖက်ကနေ ပြသာနာမဖြစ်အောင် သေချာလေးရှင်းပြနိုင်အောင် အထောက်အထားတွေကို လုပ်ဆောင်ထားပါတယ်။

နောက်တစ်ခု ပြောချင်တာ ဒီလို နာရေးကိစ္စတွေကို လုပ်ဆောင်နေတာဟာ ကျွန်တော်တို့ လုပ်ဆောင်နေကြတော့ လူတွေအားလုံး ဘာရလဲဆိုတော့ ပီတိကိုပဲ လိုချင်တဲ့တာပါ။ ကျန်တာတွေ မပါဝင်ပါဘူး ။ နာရေးအသင်းဟာ လူမှုရေးကို အခြေခံ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် လူမျိုးမရွေး ဘာသာမရွေး အကူအညီတောင်းခံလာတဲ့ လူတွေကို ကူညီပေးပါတယ်။ 

နာရေးကိစ္စလုပ်ဆောင်တဲ့အခါမှာ သေဆုံးသူရဲ့ ကိုးကွယ်တဲ့ ဘာသာအလိုက် ခရစ်ယာန်ဖြစ်စေ ၊ မူစလင်ဖြစ်စေ သူတို့ ဘာသာအလိုက် အကူအညီ တောင်းထားပြီး သူတို့ ဘာသာအလိုက် ဆရာတွေနဲ့ နာရေးတွေကို သေချာလုပ်ပေးပါတယ်။


ကိုကျော်ဇင် (ပီနန် နာရေးကူညီမှု အသင်းကြီး) မှဖြေကြား ပေးပါသည်။ 

မေး - မလေးရှားရောက်နေတဲ့ ရွှေမြန်မာများတွေထံမှ ပီနန် နာရေးကူညီမှု အသင်းကြီးကို အကူအညီ လိုအပ်ပါက ဆယ်သွယ်နိုင်မဲ့ နေရပ် ၊ လိပ်စာ ၊ ဖုန်းနံပတ် လေးတွေကို ပြောပြပေးပါဦး။ 

နာရေးကိစ္စတွေဖြစ်လို့ ဆက်သွယ်မယ်ဆိုရင် ကျွန်တော်တို့ နာရေးကူညီမှု အသင်းကြီးရုံးက ပီနန် ကောင်တာ ဒုတိယထပ်မှာ ရှိပါတယ်။ ဆက်သွယ်နိုင်မယ့် ဖုန်းနံပတ်တွေကတော့ ကိုဝင်းမြင့်ဦး - ၀၁၀ ၈၁၁၁ ၇၀၁ ၊ ကိုဗိုလ်မြ - ၀၁၀ ၅၀၀၀ ၀၆၅ ၊ ကိုပုပ္ပား - ၀၁၀ ၃၉၂၉ ၅၈၀ ၊ ကိုကြည်စိုး - ၀၁၆ ၄၈၁၄ ၉၇၂ ၊ ကိုကျော်ဇင် - ၀၁၀ ၄၀၀၈ ၈၇၁ ဖုန်းနံပတ်တွေကို ဆက်သွယ်နိုင်ပြီး အကူအညီတောင်းခံ နိုင်ပါတယ်။ 

 

မေး - မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံးအတွက် အစ်ကိုတို့ အသင်းကြီးကနေ ပြောချင်တဲ့ အကြောင်းလေးတွေ ပြောပေးပါဦး ... 

နာရေးကူညီမှု အသင်းကြီးကိုယ်စား မလေးရှားရောက် မြန်မာများအားလုံး ကျွန်တော်တို့ ပြောချင်တာက မလေးရှားနိုင်ငံ အတွင်း စီးပွားလာရှာတဲ့ အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင် (သို့မဟုတ်) သွားလာရင်း ထိခိုက်မိတာဒဏ်ရာရတာ နာရေးဖြစ်တာတွေကို တွေ့ရ ကြားရ မြင်ရတော့ စိတ်မကောင်းပဲ ဖြစ်ရပါတယ်။ 

ဒါကြောင့် လုပ်ငန်းခွင်မှာ လုပ်နေတဲ့ အချိန်မှာ သတိထားပြီး လုပ်ကိုင်ကြဖို့နဲ့ အပြင်တွေသွားလာမယ်ဆိုရင် ကားစီးတာ ဆိုင်ကယ်စီး စက်ဘီး စီးတာတွေကို သတိထားပြီး စီးကြဖို့ လမ်းကူးရင်လည်း သေချာကြည့်ပြီး ကူးကြဖို့ အားလုံး ဆင်ဆင်ခြင်ခြင်နဲ့ သတိထားဖို့ အသိပေး ချင်ပါတယ်။ ယောက်ကျားလေးတွေဆိုရင် အရက် အလွန်အကျွံသောက်ပြီး သေဆုံးတို့ပေါ့။ 



ကျန်းမာရေးကိုလည်း အလေးထား ဂရုစိုက်ပေးကြဖို့ လိုပါတယ်။ နောက် ... မလေးရှားကို ရောက်နေတဲ့ အချိန်မှာ ပရဟိတလုပ်ငန်းတွေကို တတ်နိုင်သလောက် ကူညီပေးကြပါ။ လုပ်ဆောင်ပေးကြပါ။ နာရေး အလောင်းတွေ များလာတဲ့ အချိန်မှာ ကျွန်တော်တို့ဖက်က မတတ်နိုင်တာတွေ ရှိပါတယ်။

ဒါကြောင့် လူအားငွေအား ဖြစ်စေ ကျွန်တော်တို့ရဲ့ ပီနန်နာရေးကူညီမှု အသင်းကြီးကိုလည်း စေတနာရှင် သို့မဟုတ် မန်ဘာအနေနဲ့ ဝင်ရောက် ထောက်ပံ့ လှူဒါန်း ကူညီနိုင်ပါတယ်။ အားလုံးကိုလည်း တက်ညီလက်ညီ ပရဟိတကိစ္စတွေကို လုပ်ကိုင်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။ မလေးရှားရောက် မြန်မာများအားလုံး ကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပါစေ ....



မလေးရှားရောက် ရွှေမြန်မာများ အနေဖြင့် ပီနန် နာရေးကူညီမှု အသင်းကြီး ဆိုရင် နာရေးကူညီမှုကိစ္စတွေကို အဖက်ဖက်က ကူညီ လုပ်ဆောင်လျက်ရှိနေပြီး သွေးလှူဒါန်းမှုများ စာပေဟောပြောပွဲများ တစ်ခြားသော ပရဟိတ ကိစ္စများနှင့် လိုအပ်သော အဖက်ဖက်မှ ကျန်းမာရေး စောင့်ရှောက်မှုကိစ္စများကို ဆောင်ရွက်လိုပါက ပီနန် နာရေးကူညီမှု အသင်းကြီးနဲ့ အတူလက်တွဲပြီး နာရေးကိစ္စများနဲ့ ပရဟိတ ကိစ္စလေးကို ပါဝင်ကူညီနိုင်ပါကြောင်း အသိပေးရင်း ပြောကြားရင်း အင်တာဗျူး အစီအစဉ်လေးကို ဒီမှာပဲ ရပ်နားခွင်ပြုပါ။



အချိန်ပေး လာရောက် ဖတ်ရှုပေးကြသော နိုင်ငံတာကာမှ ရေဒီယို အစီအစဉ်များ နှင့် စာပေဗဟုသုများကို ဖတ်ရှု နားထောင် အားပေးကြသော မိတ်ဆွေများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါသည်။ အင်တာဗျူး အတွက် အချိန်ပေး ဖြေကြားပေးသော ပီနန် နာရေးကူညီမှု အသင်းကြီးမှ ကိုဝင်းမြင့်ဦး ၊ ကိုဗိုလ်မြ ၊ ကိုပုပ္ပား ၊ ကိုကြည်စိုး ၊ ကိုကျော်ဇင် တို့အား မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာမှ အထူး ကျေးဇူးတင်ပါသည်။

နေဇော်လင်း 
2:58 AM
19.10.1012
(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ) 

News Information & Online Radio Media
Share this article :

0 comments:

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။