Home » , » အသက်ကြီးပြီး အချိန်မစီးတဲ့ လူကြီးတစ်ယောက် နှင့် ခဏတာ တွေ့ဆုံခြင်း ...

အသက်ကြီးပြီး အချိန်မစီးတဲ့ လူကြီးတစ်ယောက် နှင့် ခဏတာ တွေ့ဆုံခြင်း ...

Written By နေဇော် လင်း on Sunday, September 7, 2014 | 3:19:00 PM


အသက်ကြီးပြီး အချိန်မစီးတဲ့ လူကြီးတစ်ယောက် နှင့် ခဏတာ တွေ့ဆုံခြင်း ... 

ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က ကလန်းမှာ ရှိတဲ့ သူငယ်ချင်း တစ်ယောက်ဆီကို အလည်သွားဖို့ အတွက် မြို့ထဲက မြန်မာဆိုင်မှာ ဆုံကြပါတယ် ။ ကလန်း မသွားခင် ပရဟိတ ရုံးခန်းမှာ အသင်းဝင် အလှူငွေ ထည့်ဖို့ရန်အတွက် ကျွန်တော် တို့ သုံးယောက် ခဏ ၀င်ခဲ့ကြပါတယ်။ အဲဒီမှာ စိတ်မကောင်းစရာ ၊ ဒေါသထွက်စရာ အဖြစ်အပျက်လေး တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ် ။ 

ကျနော်တို့ ရုံးခန်းထဲကို ရောက်သွားတဲ့ အချိန် မှာတော့ လူငါးယောက်လောက် အသင့်ရှိနေပါတယ် ။ ကျနော်တို့ သိပြီးသားဖြစ်တဲ့ ရုံးခန်း ဥက္ကဌ ရယ် ၊ အကျိုးဆောင် အမျိုးသမီး တစ်ယောက် ၊ အမျိုးသား တစ်ယောက် ၊ ကျနော်တို့လို အသင်းဝင်ကြေး လာထည့်တဲ့ လူငယ်တစ်ယောက် နှင့် အတူ အရပ်ရှည်ရှည် ခါးကိုင်းကိုင်း ယိုင်တိုင်တိုင် ( မူးနေလားမသိ ) အသက် ၄၀ ကျော်ရှိလောက်တဲ့ လူကြီးတစ်ယောက် ထိုင်နေတာကို တွေ့ရပါတယ်။ 

ကျနော်တို့ သုံးယောက် လစဉ် အသင်းဝင်ကြေးကို ထည့်ပြီးတဲ့ အချိန်မှာပဲ အရင်ရောက်နေနှင့်တဲ့ သူကလည်း အသင်ဝင်ကြေးထည့်တဲ့အပြင် မွေးနေ့ အတွက် ဆိုပြီး အလှူငွေ တစ်ရာထည့်ပါတယ် ။ အဲဒီလူငယ်လေးက အကျိုးဆောင် အမျိုးသမီးကို " အစ်မရေ မွေးနေ့အတွက် လှူ တာဆိုတော့ ကျနော့်ကို ဂုဏ်ပြုမှတ်တမ်းလွှာလေး လုပ်ပေးပါလား " ဆိုပြီး တောင်းဆိုပါတယ် ။ အသင်းဝင်ကြေးက တစ်လကို မလေးရှားရင်းဂစ် ၃၀ ပါ ။ ဘာမှတ်တမ်းလွှာမှ မပေးပါဘူး ။ 

ရင်းဂစ် ၁၀၀ လှူရင်တော့ ဂုဏ်ပြု မှတ်တမ်းလွှာပေးတယ် ဆိုတာကို ကျနော် သိထားပါတယ် ။ ဥက္ကဌ ကိုယ်တိုင်ပဲ " လုပ်ပေးရမှာပေါ့ " လို့ ပြောပြီး ဂုဏ်ပြုမှတ်တမ်း လွှာလေးလုပ်ပေး နေစဉ်အတွင်းမှာပဲ စောနက အရင်ရောက်နေနှင့်တဲ့ အရပ်ရှည်ရှည် ခါးကိုင်းကိုင်း မူးနေလား မသိတဲ့ အသက် ၄၀ ကျော်အရွယ် လူကြီးက မျက်နှာထား တင်းတင်းကြီးနဲ့" မင်းတို့လူငယ်တွေက တော်တော် ခက်တာပဲ " " လှူ ပြီးရင် ပြီးတာပဲ " ဦးသုမင်္ဂလ တရားတွေ မနာဘူးလား စသဖြင့် အော်ကြီးဟစ်ကျယ် ထပြောပါတယ် ။ 

ဂုဏ်ပြု မှတ်တမ်းလွှာတောင်းတဲ့ လူငယ်လေးမျက်နှာ နီးတွတ်ပြီး အရမ်းရှက်သွားတာကို ကျနော် သတိထားမိလိုက်တယ် ။ ကျနော် အဲဒီအချိန်မှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာကို မခွဲသေးပါဘူး ။ 

အဲဒါနဲ့ပဲ ကျနော်တို့တွေ ခဏငြိမ်သွားကြတယ် ။ လူငယ်လေး ကလည်း ကျနော်တို့ နားလာကပ်ထိုင်နေပါတယ် ။ ခဏနေတော့ အဲဒီလူကြီးကပဲ တစ်ခါ ထပ်ပြီးပြော ပြန်ပါတယ် " မင်းက အဲဒါကို ဖေ့ဘုတ်ပေါ်တင် မလို့ မို့လား ၊ ငါလည်း တင်မယ် ဘာဖြစ်တယ် ညာဖြစ်တယ် " ဆိုပြီး ကလေးကလား စကားတွေကို ဆိုလာပြန်တယ် ။ လူငယ်လေးက ဘာမှ မပြောရှာပါဘူး မျက်နှာကတော့ မကောင်းဘူးပေါ့ဗျာ ။ ကျနော်တော်တော်ဒေါသထွက်သွားတယ် ။ 

ဒီလူကြီး တရားလွန်လာပြီးဆိုတာကို တထစ်ချ သတ်မှတ်လိုက်တော့တယ် ။ ထပြောရအောင်ကလည်း ပရဟိတ ရုံးခန်း ဖြစ်နေတော့ ထိန်းထားရတယ် ။ အဲဒီအချိန်မှာပဲ ဥက္ကဌ ကလည်း ထပြီး မျက်နှာကြောတင်းတင်းနဲ့ " ခင်ဗျား လူငယ်တွေ ကြားမှာ ၀င်မပါနဲ့ " လို့ ပြောလိုက်တော့ မှ တစ်ခါတည်း ငြိမ်သွားတော့တယ် ။ 

လူငယ်လေးကလည်း မှတ်တမ်းလွှာလေးကို ယူပြီး အရေးကိစ္စရှိလို့ ပြန်လိုက်ပါဦးမယ် ဆိုပြီး ရုံးခန်းထဲကနေ မျက်နှာမကောင်းစွာနဲ့ ခပ်သွက်သွက်လေး ထွက်သွားပါတော့တယ် ။ လူကြီး တစ်ယောက်ဖြစ်နေပြီး အသိဥာဏ်မရှိတဲ့ သူ ၊ စကားကို ပြောသင့်မပြောသင့် စဉ်းစားဆင်ခြင်ဥာဏ်နည်းတဲ့ သူ လို့ ပဲ ကျနော် သတ်မှတ်လိုက်တော့တယ် ။ တန်ဖိုးမရှိတဲ့ လူတစ်ယောက်ရဲ့ စကားတစ်ခွန်းကြောင့် လူငယ်တွေရဲ့ ဖြူစင်သန့်ရှင်းတဲ့ စိတ်ဓာတ်ကို အရောင်ဆိုးတာ ခံလိုက်ရတယ် ။ 

ဒါကြောင့် အသက်ကြီးတိုင်း လူကြီးလို့ ခေါ်လို့ မရပါဘူး ။ လူငယ်နေပေမယ့် အသိဥာဏ် ရင့်ကျက်နေသူ သာလျှင်လူကြီးဆိုတဲ့ နာမည်ခံယူထိုက်ပါတယ် ။ ကျနော့်စိတ်ထဲမှာ သူ့ရဲ့ အသုံးမကျတဲ့ စကားတစ်ခွန်းကြောင့် ကျနော်တို့ လူငယ်တွေရဲ့ တက်လမ်းကို ရိုက်ချိုးခံလိုက်ရသလို ခံစားရတယ် ။ လူငယ်တွေရဲ့ ချွေးနဲစာ နဲ့ရထားတဲ့ ပိုက်ဆံလေးတွေကို အခုလို ပရဟိတ အလှူငွေအဖြစ် လှူတာကို သာဓု မခေါ်တဲ့ အပြင် ကဲ့ရဲ့ ပြစ်တင်ရူံ့ ချတဲ့ အဲဒီလူကြီးရဲ့ စိတ်ဓာတ်ဟာ အရမ်းကို အောက်တန်းကျပါတယ်။ 

သူဟာ အမှန်တကယ်ဆိုရင် ပရဟိတ ရုံးခန်းကို မလာသင့်ပါဘူး ။ သူစိတ်ဓာတ်နဲ့ ပရဟိတ ရုံးခန်းနဲ့ လုံးဝ မအက်စပ်ပါဘူး ။ အဲလို လူမျိုးတွေ ပရဟိတ ရုံးခန်းမှာ လာခြင်းဟာ ကျနော်တို့ လူမျိုးတွေရဲ့ စည်းလုံးခြင်းကို ဖျက်စီးသလို ၊ ပရဟိတ စိတ်ရှိတဲ့ လူငယ်လေးတွေ ရုံးခန်းကို မလာချင်အောင် လုပ်တာနဲ့ အတူတူ ပါပဲ ။ ဂုဏ်ပြု မှတ်တမ်းလွှာ ရလိုက်လို့ အလှူရှင် အတွက် လည်း ဘာမှ ထူးခြားမသွားပါဘူး ။ လူငယ်လေးကလည်း မွေးနေ့ အမှတ်တရလေး ဖြစ်ချင်လို့ တောင်းဆိုတဲ့ သဘောပါ ။ 

ထားပါတော့ နောက်ဆုံး ဖေ့ဘုတ်ပေါ်တင်ပြီး ကြွားတော့ အခြား သူငယ်ချင်းတွေ တွေ့ပြီး "တို့လည်း မွေးနေ့ကျရင် သွားလှူ မယ် ဟေ့ " ဆိုတဲ့ လှူ ချင်တဲ့ စိတ်ကလေးတွေ ဖြစ်လာရင် မကောင်းဘူးလား ။ ဘီယာဆိုင် အရက်ဆိုင် ရောက်တာနဲ့ စာရင် ကိုယ့်လူမျိုး အကျိုးပြုပေးနေတဲ့ ပရဟိတ လုပ်ငန်းကို လှူတာ ပိုမကောင်းဘူးလား။ အဲဒါကြောင့် ကျနော်တို့တွေ အသက်ကြီးလာတာနှင့် အမျှ အသိဥာဏ်တွေ ကြီးလာဖို့လည်း အရေးကြီးပါတယ် ။ 

အသက်ကြီးပြီး အသိဥာဏ်မကြီးရင် ရပ်ကွက်တွေထဲမှာ ခေါ်တဲ့ အတိုင်း " လူပေါကြီး " လို့ ခေါ်ခံရတတ်ပါတယ် ။ အဲဒါကြောင့် ကျနော်တို့ လူငယ်တွေ စာများများ ဖတ်စေလိုပါတယ် ။ လူတစ်ယောက်ဟာ အသက်ဘယ်လောက် ကြီးကြီး အသိပညာ မရှိဘူးဆိုရင် လူရာ မ၀င်ပါဘူး ။ အဲလိုလူကို အသက်ကြီးပြီး အချိန်မစီးတဲ့ လူကြီးလို့ခေါ်ပါတယ် ။ စောနက လူကြီးကိုလည်း " အသက်ကြီးပြီး အချိန်မစီးတဲ့ လူကြီး " လို့ စိတ်ထဲမှာတွေးရင်း ကလန်း က သူငယ်ချင်းဆီသွားမယ့် ကားဂိတ်ဆီကို သွားဖို့အတွက် ကျနော်တို့ သုံးယောက် လျှောက်ခဲ့ကြပါတော့တယ်။ စိုးလွင် (ရွှေကြာမြေ) 

နေဇော်လင်း @ Nay Zaw Lin1 
Free Online Radio Media (Malaysia News) 
Free Online Tv Website - www.nayzawlin.com 
Free Media Website - www.malaysiaonlineradiomedia.com 
Free 4D Facebook Page - https://www.facebook.com/nayzawlin18 
Free Health Facebook Page - https://www.facebook.com/nayzawlin4
Share this article :

Free Online Radio Media





Subscribe to RSS Feeds

 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Free Online Media Malaysia (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။